နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာ

နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာ

လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၂၈/၂၀၁၁ နှင့် ပါတ်သက်၍ နိုင်ငံတော်သမ္မတထံသို့  ဒီမိုကရေစီမိတ်ဆွေပါတီများက  ပေးပို့သော အိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတထံသို့ စာပို့စနစ်ဖြင့် ပေးပို့ပြီးဖြစ်သဖြင့်ထုတ်ပြန်အသိပေးအပ်ပါသည်။

 

အပြည့်အစုံမှာ အောက်တွင် ဖော်ပြသည့်အတိုင်းဖြစ်ပါသည်။

 

၁။     နိုင်ငံတော်သမ္မတ၏ ( ၁၆-၅-၂၀၁၁ ) ရက်စွဲပါ လွတ်ငြိမ်းချမ်းသာခွင့်  အမိန့် အမှတ် (၂၈/၂၀၁၁) တွင် အကျဉ်းသားများအား  နိုင်ငံတော်သစ်တည်ဆောက်ရာ၌   တစ်ဖက်တစ်လမ်းမှ   အကျိုးပြုစေမည့်   နိုင်ငံသားများအဖြစ်သို့  ပြောင်းလဲပေး ရန်လည်းကောင်း၊  အကျဉ်းသားများအား လူသားချင်းစာနာထောက် ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့ ၏ မိသားစုများအား ငဲ့ညှာသောအားဖြင့်လည်းကောင်း ရည်ရွယ် လျက် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟုဖေါ်ပြ၍ အကျဉ်းသားတစ်သောင်းလေးထောင်ကျော်ကို လွတ်လပ်ခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။

 

၂။     ကျွန်ုပ်တို့ဒီမိုကရေစီမိတ်ဆွေပါတီများအနေဖြင့် သမ္မတဦးသိန်းစိန်၏ အစိုးရမူဝါဒမိန့်ခွန်းကို ကြိုဆို ရင်း ထိုမိန့်ခွန်းပါ ကာင်းမြတ်သည့်ကတိက၀တ်များကိုလက်တွေ့အကောင်အထည်ဖော်ပြသည့်အနေ  ဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ပြည်ပရောက်နိုင်ငံရေးသဘောထားကွဲလွဲသူများ မြန်မာ နိုင်ငံသို့ ပြန်လာနိုင်ရေးတို့ပါ အကျုံးဝင်သည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေတစ်ရပ် ပြဌာန်းပြီး အမြန်ဆုံး အကောင်အထည်ဖော်ပေးပါရန် (၅. ၅. ၂၀၁၁) ရက်နေ့စွဲပါ သဘောထားကြေညာချက် ထုတ်ပြန်ပြီး နိုင်ငံတော် အစိုးရအား အလေးအနက်အကြံပြုတိုက်တွန်းခဲ့ပါသည်။

 

၃။       သို့ရာတွင် အထက်ဖော်ပြပါ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ကျွန်ုပ်တို့ ဒီမိုကရေစီမိတ်ဆွေပါတီများ၏ အမျိုးသားပြန်လည်သင့်မြတ်ရင်ကြားစေ့ရေးလမ်းစ ပေါ်ပေါက်ရန်အတွက် အကြံပြုတိုက်တွန်းထားချက်နှင့်  နှိုင်းယှဉ်ပါက လုံလောက်မှုမရှိဟုယူဆပါသည်။ ထို့အပြင် နှစ်ရှည်ထောင် ဒဏ်ကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အခြားနှစ်ရှည်အကျဉ်းသားများအနေနှင့်လည်း နိုင်ငံတော်သမ္မတရည်ရွယ်သကဲ့သို့ ထိရောက်သော သက်သာမှုကို ရရှိခံစားစေခြင်းမရှိပါ။

 

၎။ ယခင်အစိုးရအမျိုးမျိုးများလက်ထက် ပြဌာန်းပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များသည် ထိုစဉ်က အကျဉ်းကျခံနေခဲ့ကြရသော နိုင်ငံရေးအကျဉ်းသားများအပါအ၀င် နှစ်တို၊ နှစ်ရှည်အကျဉ်းသား အားလုံးကို သက်ရောက်ခံစားစေခဲ့သည်ချည်းသာဖြစ်ပါသည်။ သေဒဏ်ချခံနေရသူအထင်ကရ နိုင်ငံရေး သမားများပင် လွတ်မြောက်ခွင့်ရခဲ့ကြပါသည်။

 

၅။ ယခုလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ပြီးနောက် ပေါ်ပေါက်လာသည့်လတ်တလောနိုင်ငံရေး အခင်းအကျင်းတွင် အမျိုးသားရင်ကြားစေ့ရေးအခွင့်အလမ်းနှင့် အပြုသဘောဆောင် နိုင်ငံရေးဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ရန် အခွင့်အလမ်းများ မှေးမှိန် အားနည်းသွားမည့် အခြေအနေမျိုးသို့ ရောက်ရှိသွား မည်ကိုပင် ပြည်သူအများ စိုးရိမ်မကင်း ဖြစ်လာကြ ပါသည်။

 

၆။      အစိုးရတစ်ရပ်အနေဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကဲ့သို့သော ကိစ္စရပ်မျိုးကို ကိုင်တွယ်ရာ တွင် အမျိုးသားလုံခြုံမှုထိမ်းသိမ်းရေးကို ထည့်သွင်းစဉ်းစားရသည့်သဘောသဘာဝကို ကျွန်ုပ်တို့ နားလည် မှုရှိပါသော်လည်း ယင်းသဘောအရ စဉ်းစားလျှင်လည်း နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားဖွယ်အကြောင်း မရှိသလို ပြေအေးငြိမ်းချမ်းခွင့်လွှတ် သဘောထားကြီးမှု၏ သင်္ကေတအဖြစ် ပြည်ထောင်စုသားအားလုံးက ၀မ်းမြောက်သာဓုခေါ်ရမည့် မင်္ဂလာ အလုပ်ကြီးပင် ဖြစ်နေပေလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။

 

၇။       ယခုအချိန် ဒီမိုကရေစီခေတ်ပြောင်းကာလတွင် ရွေးကောက်ခံအစိုးရသစ်တစ်ရပ်လည်း ပေါ်ပေါက် လာပြီဖြစ်ပါသည်။  သို့ ဖြစ်ရာ  ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းချောမွေ့ စွာ  ကူးပြောင်းနိုင်ရန်အတွက်  အမျိုးသားနိုင်ငံရေးအင်အားစုများအကြား     နိုင်ငံရေးယုံကြည်မှုတည်ဆောက်ရန်   အထူးလိုအပ်နေသည့်အပြင်   နိုင်ငံသားအားလုံးသာယာအေးချမ်းပျော်ရွှင်စွာပါဝင်နိုင်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေအနေ များလည်း ပေါ်ပေါက်သင့်ပြီဖြစ်ပါသည်။

 

၈။       သို့ဖြစ်၍ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအများအပါအ၀င် အကျဉ်းသားများအားလုံး အတွက် လွတ်ငြိမ်းချမ်းသာခွင့်၏ အကျိုးကျေးဇူးကို ပြည့်ဝစွာ ခံစားနိုင်ရန် ယင်းတို့၏ လွတ်မြောက်ရေးကို တနည်းတလမ်းဖြင့် သမ္မတကြီးအနေဖြင့် အဆောတလျင် ထပ်မံစဉ်းစားဖန်တီးပေးသင့်ပါကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။



Sincerely yours
kty
kyawtyy@gmail.com
kyawtyy@yahoo.com.sg
https://kyawtyy.wordpress.com
http://www.kyawthuya.blogspot.com




Comments

Popular posts from this blog

Numbering for IT

Types of Neu Industrial

ဘာလုပ်ကြမလဲ